‘An inconvenient truth’

အဲဒီရုပ်ရှင်ကားဟာ အမေရိကန် နိုင်ငံ ဒုတိယ သမ္မတဟောင်း အယ်ဂိုး ရဲ့  တင်ပြချက်တွေကို စုစည်းထားတဲ့ ရုပ်ရှင်ကားလေး တစ်ခုပါ၊
၂၀၀၆ ဆန်းဒန့်  ရုပ်ရှင်ပွဲတော်မှာ စတင် ပြသခဲ့ပြီး ထိုနှစ် နိုဝင်ဘာလ ထဲမှာ ဒီဗွီဒီ အခွေအနေနဲ့ ဖြန့်  ဝေခဲ့တာပါ။
 ငါ အိပ်မောကျနေရာမှ နိုးထဖို့  လိုနေပီ ဆိုတဲ့သီချင်းအတွက် အကောင်းဆုံးသီချင်း၊ ရုပ်ရှင်ကားအတွက်က အကောင်းဆုံး မှတ်တမ်းတင် ဇာတ်ကား အနေနဲ့  အကယ်ဒမီ ဆု ဆွတ်ခူးခဲ့ပါတယ်။
မစ္စတာ အယ်ဂိုး ကတော့ နိုင်ငံတကာဆိုင်ရာ ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားတဲ့ အဖွဲ့ နဲ့  အတူ ပူးတွဲပြီး ၂၀၀၇ အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆု ရခဲ့ပါတယ်။
ဇာတ်လမ်း စစချင်းမှာ အေးချမ်းလှတဲ့ သဘာဝ ပါတ်ဝန်းကျင် မြင်ကွင်းတွေနဲ့  ကမ္ဘာမြေကြီးမှာ အေးချမ်း သာယာမှုတွေနဲ့ ပြည့်နေပေမဲ့ တစ်ချို့ ပြောင်းလဲမှု တွေကို သတိ မမူမိပဲ မေ့လျော့နေတဲ့
 အကြောင်း နောက်ခံစကားပြောလေးနဲ့  စတင်ဖွင့်သွားပါတယ်။ အဲဒီနောက်မှာ ကမ္ဘာ မြေကြီးကို အာကာသ မှ မြင်ရပုံကို ပြရင်း လူသားတွေက ကမ္ဘာမြေ အပေါ် စိတ်ဝင်စားမှု ဘယ်လို တိုးတက်လာ
 တယ် ဆိုတာ ကို အစပျိုး လိုက်တယ်။့  မစ္စတာ အယ်လ်ဂိုး ညွှန်းဆိုလိုက်တဲ့ ရှေး အဆိုအမိန့်  တစ်ခု က ‘ကျွန်တော်တို့ ကို ပြဿနာ ဖြစ်စေတာက ကျွန်တော်တို့ မသိကြလို့  မဟုတ် ပါဘူး။
ကျွန်တော်တို့ သေသေချာချာသိတယ် လို့ ထင်ထားတဲ့အချက်တွေ က မှားယွင်းနေလို့ ပါ‘ တဲ့… ။ အဲဒီလို အဖြစ်မျိုး လက်တွေ့  ဘ၀ထဲမှာ အများကြီးပါ။
မစ္စတာ အယ်ဂိုး က  လွဲမှားနေတဲ့ အယူအဆတစ်ခုကို ပြော သွား ပါတယ်။ ကမ္ဘာကြီး ပူနွေးလာမှုဟာ ပြောသလောက်မဟုတ်ပါဘူး။ ကမ္ဘာ မြေကြီး က အလွန်ကြီးတဲ့အတွက် ကမ္ဘာ့  ပတ်ဝန်းကျင်မှာ
ဖြစ်လာတဲ့ ဒုက္ခ ပြဿနာ တွေကို ကြာရှည်ခံစားရမှာမဟုတ်ဘူး ဆိုတဲ့ အယူအဆ မှားကို လူတွေ ထဲမှာ ရှိနေတဲ့အကြောင်းပေါ့။
ကမ္ဘာကြီးပူနွေးလာမှုရဲ့  အစ လေထုညစ်ညမ်းမှုက လို့ ဆိုပါလား။ ကမ္ဘာကြီး နဲ့ ယှဉ်ရင် ကမ္ဘာမြေကြီးကို ဖုံးလွှမ်း ထားတဲ့ လေထု အလွှာက ပါးပါးလေးတဲ့။ ဒါပေမဲ့ လေထု ညစ်ညမ်းမှုကြောင့် လေထု အလွှာပါးက ထူလာတယ်။
နေရောင်ခြည်က ထွက်လာတဲ့ အလင်းတန်းဟာ ကမ္ဘာမြေကို ပူနွေးစေတယ်။ အဲဒီ အလင်းလှိုင်းထဲက တစ်ချို့ ဟာ အနီအောက် ရောင်ခြည် (infrared wave) အဖြစ် ပြန်လည် ဖြာထွက်တယ်။
အဲဒီ အနီအောက်ရောင်ခြည်တွေဟာ ညစ်ညမ်းမှု တွေကြောင့် ထူထပ်လာတဲ့ လေထု အလွှာကို ဖောက်မထွက်နိုင်တော့ပဲ ပိတ်မိ နေတယ်တဲ့။ အဲဒါကြောင့် ကမ္ဘာကြီး ပူလာတာတဲ့။
လေထု ညစ်ညမ်းမှုမှာ တရားခံက greenhouse gases တွေတဲ့။ အဓိက ကတော့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့  တဲ့လေ။ လူတွေက အောက်ဆီဂျင် ကို ရှူတယ်။ ကာဗွန် ဒိုင်အောက်ဆိုဒ် ကို ပြန်ထုတ်တယ်။
သစ်ပင်တွေက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရှူတယ်။ အောက်ဆီဂျင် ကို ပြန်ထုတ်ပေးတယ်။ အဲဒီအခါကျတော့ လူနဲ့ သစ်ပင် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီနေကြတယ်။
 အဲဒီမှာ သိပ္ပံ ပညာရှင် တွေက ကမ္ဘာမြေကြီးမှာရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏကို တိုင်းတာကြည့်တော့ နှစ်တိုင်းမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်က မြင့်လာလိုက် နိမ့်သွားလိုက် တစ်နှစ်တကြိမ် ပုံမှန် ဖြစ်တယ်။
 ကမ္ဘာ့  မြောက်ဖက်ခြမ်းမှာ မြေထုထည်ပိုများတယ်။ အဲဒါနဲ့ အမျှ အပင်လဲ ပိုများတာကိုတွေ့ ပါရောလား။
ကမ္ဘာကြီးက ၂၃ ၁/၂ ဒီဂရီစောင်းပြီး လည်နေတယ်ဆိုတာ သိ နေပြီးသားနော်။ ကမ္ဘာ့  မြောက်ဖက်ခြမ်း နေဖက်ကို စောင်းတဲ့ အချိန်မှာ နွေရာသီဖြစ်လို့  အပင်တွေ ရွက်သစ်ဝေ တယ်။
ကာဗွန် ဒိုင်အောက်ဆိုဒ် လျော့တယ်။ ကမ္ဘာ့ တောင်ခြမ်း နေဖက်ကို စောင်းတဲ့အချိန်ကျတော့ မြောက်ဖက်က ဆောင်းရာသီ ဖြစ်သွားရော။ အဲဒီမှာ မြောက်ဖက် က သစ်ရွက်ကြွေတယ်။
 ကာဗွန် ဒိုင် အောက်ဆိုဒ် ကို မစုပ်နိုင်တော့ဘူး။ အဲဒီအခါ ကာဗွန် ဒိုင်အောက်ဆိုဒ် ပိုများလာတယ်။ ဒီမှာတင် သစ်ပင်တွေရဲ့ အရေးပါပုံဟာ အရမ်းကို သိသာနေလိုက်တာ။
သစ်ပင်တွေများ မရှိတော့ရင် ဒွတ်ခ နဲ့ လှလှ တော့ တွေ့  မှာပါပဲ။ ရှင်ဂွိ ငယ်ငယ်က သတင်းစာထဲမှာ သစ်တောဦးစီးဌာန က ထုတ်တဲ့ ဆောင်ပုဒ် ကလေးတွေကို သတိရမိပါတယ်။ အပင်စိုက်ကြဖို့  ပါ၊
အဲဒီလို အားပေးနေတဲ့သူတွေရှိပေမဲ့ ဘာလို့ များ ခုတ်ထွင်မှုတွေကို မတားနိုင်ရတာလဲ။ ရုပ်ရှင်ရဲ့ နောက်ပိုင်း တစ်နေရာမှာ ကာဗွန် ဒိုင် အောက်ဆိုဒ် ပမာဏ မြင့်တက်လာရခြင်း အကြောင်းရင်းတွေထဲမှာ သစ်တောပြုန်းတီးမှု၊
တော မီးလောင်ကျွမ်းမှုတို့ ကို ထည့်သွင်းပြောသွားခဲ့ပါတယ်။ အခုလို သစ်တော ပြုန်းတီးမှု တွေ ထဲမှာ နိုင်ငံရေးဟာ ဘယ်လောက်အထိ ပါဝင် ပတ်သက်နေသလဲဆိုတာ ကို
စစ်တပ် အုပ်ချုပ်ရေးအောက်က ဟေတီနိုင်ငံနဲ့ ဒိုမီနီကန် ရီပါ့ဘလစ် နှစ်နိုင်ငံ နယ်နမိတ်ကြားက သစ်တော လေးက ဥပမာပါပဲ။

ကဲကဲ ကမ္ဘာကြီးပူနွေးတော့ရော ဘာဖြစ်မှာလဲ..လွန်ခဲ့တဲ့ အလယ်ခေတ်တွေတုန်းကလဲ ပူနွေးမှုတွေဖြစ်ခဲ့တာပဲ။ အဲကွန်းရှိ အေးတာပါပဲ။ ခပ်ပေါ့ပေါ့လေး ပြောလိုက်လို့ ရပါတယ်။
 အလယ်ခေတ်တွေမှာ မြင့်တက်ခဲ့တဲ့ အပူချိန်ဟာ ယနေ့ ကာလနဲ့ ယှဉ်ရင် ဘယ်လိုမှ နှိုင်းယှဉ်လို့ တောင် မရနိုင်ပါဘူး။ ကြည့်ကြည့်ပါ။ ယနေ့ ကာလရဲ့ အပူချိန်မြင့်တက်မှုကို၊
ရေခဲကျောက်ဆောင်များက သမိုင်းကို ပြန်လှန်ပြောနိုင်ပါတယ်။ အမေရိကန် ကွန်ဂရက်လွှတ်တော်က ကာဗွန်ဒိုင်အောက်ဆိုဒ် လေထု သန့် ရှင်းမှု ဥပဒေ ထုတ်ပြန်ခဲ့တဲ့ နှစ် နောက်ပိုင်း ကွဲပြားမှု တွေကို
 မျက်စိနဲ့ မြင်သာလောက်တဲ့အထိ ကို သိသာလွန်းလိုက်တာ၊ ရေခဲအူတိုင်ကနေ နှစ်တစ် နှစ် ချင်းစီ မှာ ဖြစ်ခဲ့တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏကို သိနိုင်သလို အပူချိန်ကိုလည်း
ပြန်တိုင်းတာလို့ ရသတဲ့။ အခုပုံမှာ ကြည့်လိုက်ပါဦး။ ကာဗွန် ဒိုင်အောက်ဆိုဒ် နဲ့ အပူချိန် ဘယ်လောက်ထိ ဆက်နွယ်နေလဲဆိုတာကို။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆ သိန်းခွဲမှာ ကာဗွန်ဒိုင်အောက်ဆိုင် ပမာဏ ဟာ ပမာဏ တစ်သန်းမှာ ပမာဏ ၃၀၀ ကို မကျော်ခဲ့ပါဘူး၊ အခု ယနေ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏ ဟာ အထိ မြင့်တက်နေပါပြီ၊
 ဒီအတိုင်းသာ ဆက်သွားနေမယ် ဆိုရင် လာမယ့် နှစ် ၅၀ အတွင်းမှာ အထိ တက်သွားနိုင်ပါသတဲ့။ မစ္စတာ အယ်လ်ဂိုးက တော့ ပြောသွားပါတယ်၊
“တကယ်လို့ သာ ကျွန်တော်တို့ ဒီလိုအဖြစ်မျိုး ဖြစ်ခွင့်ပေးလိုက်မယ်ဆိုရင် လူ့ ကျင့်ဝတ်ကို ချိုးဖောက် တာပါပဲ”တဲ့။ ရှင်ဂွိတို့ ရော အဲဒီလို လူ့ ကျင့်ဝတ် ချိုးဖောက်တဲ့သူတွေထဲမှာ ပါနေပြီလား။
မသိလို့ ချိုးဖောက်မိတာကိုရော ခွင့်လွှတ်နိုင်မှာလား။ မသိရင် သိအောင် လုပ်ပေးဖို့ က ရှင်ဂွိတို့ အားလုံး တာဝန်ဖြစ်နေပြီနော်။

အယ်လ်ဂိုးပြောသွားတဲ့အထဲမှာ စကားလေး တစ်ရပ်က သိပ်စိတ်ဝင်စားဖို့ ကောင်းတယ်။ “အောင်မြင်မှုတွေဟာ တကယ့်အောင်မြင်မှုစစ်တွေ မဟုတ်ပါဘူး။ အဲဒီလိုပါပဲ ရှုံးနိမ့်မှုတွေ ဟာလည်း စစ်မှန်တယ် ကျဆုံး ရှုံးနိမ့်မှုတွေ မဟုတ်ပါဘူး”တဲ့။
နောက်ထပ် မစ္စတာ အယ်လ်ဂိုးပြောသွားတာလေးတစ်ခုပါ။ “ကျွန်တော် တန်ဖိုး အထားဆုံး အရာဟာ ပျောက်ဆုံးဖို့ အခွင့်အလမ်းများနေပါတယ်။ ကျွန်တော် သိရှိခံစားမိချိန်မှာ ဆုံးရှုံး လုနီးပါးဖြစ်နေပါပြီ။
 ကျွန်တော်တို့ သတိလက်လွတ်ဖြစ်လိုက်လို့  ကျွန်တော်တို့ ရဲ့  ကလေးတွေ အတွက် မကျန်တော့၊ မရှိတော့ပါဘူး” တဲ့လေ။ မစ္စတာ အယ်လ်ဂိုးက ရှင်ဂွိတို့  တွေ ပေါ့ဆ တဲ့အတွက်
 ကာဗွန်ဒိုင်အောက်ဆိုဒ် မြင့်တက်လာရတယ်၊ ကမ္ဘာ့  အလှဆုံး ရေခဲကျောက်ဆောင်တွေ ပျောက်ကွယ်ကုန်တယ်။ ကို ဆိုလိုချင်တယ်လို့  ယူဆရပါတယ်။

ပြည်တွင်းစစ်ကာလထဲက အပူချိန်တွေကို တိုင်းလာခဲ့တာ အပူဆုံး နှစ် (၁၀) ဟာ လွန်ခဲ့တဲ့ (၁၄) နှစ် အတွင်းမှ ဖြစ်ခဲ့သတဲ့။

ကမ္ဘာကြီးပူနွေးလာတာကြောင့် ပင်လယ်သမုဒ္ဒရာတွေ လဲ ပူနွေးလာတယ်။ နောက်ဆက်တွဲ အနေနဲ့ က ပြင်းထန်တဲ့ မုန်တိုင်း တွေကို ဖြစ်စေတယ်ဆိုပဲ။

ဂျပန်မှာ ၂၀၀၄ ခုနှစ် တစ်နှစ်ထဲမှာ ပဲ တိုင်ဖုန်း မုန်တိုင်း (၁၀) ခု အထိဖြစ်ပြီး စံချိန်ချိုးခဲ့တယ်။ သိပ္ပံ ဖတ်စာအုပ်တွေ ထဲမှာ တောင် အတ္တလန္တိတ် သမုဒ္ဒရာမှာ ဟာရီကိန်း မုန်တိုင်း မဖြစ်နိုင်ဖူးလို့  ပြောခဲ့ပေမဲ့
 အဲဒီနှစ်မှာပဲ ဟာရီကိန်း မုန်တိုင်း ဟာ ပထမဦးဆုံးအကြိမ် ဘရာဇီးမှာ ၀င်တိုက်သွားတယ်။ ၂၀၀၅ နွေရာသီ မှာ အလွန် ပူပြင်းခဲ့ပြီးတဲ့နောက် အမ်မလီ၊ ဒန်းနစ် နဲ့ ကက်တရီးနာ မုန်တိုင်းတွေ ဖြစ်ခဲ့တယ်။
ကက်တရီးနာ မုန်တိုင်းဟာ ဖလော်ရီဒါကို ဖြတ်တဲ့အချိန်မှ အဆင့်တစ် ပဲရှိတဲ့ မုန်တိုင်း တစ်ခုပါ။ မုန်တိုင်းဟာ ပူနွေးတဲ့ရေအပေါ် ဖြတ်ကျော်တဲ့အခါ ရေအပူချိန် မြင့်တက်လာတယ်။ အပူစွမ်းအင် ကို
ရယူပြီးတော့ မုန်တိုင်းဟာ ပိုအားပြင်းလာတယ်။ လေတိုက်နှုံးပိုလာတယ်။ စိုထိုင်းဆ ပိုများလာတယ်။ အကျိုးဆက်ကတော့ မုန်တိုင်းနောက်ဆက်တွဲ လူပေါင်းများစွာ အသက်ဆုံးရှုံးရပြီး
ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးခဲ့ပါတယ်။
မစ္စတာ အယ်ဂိုးကတော့ ပြောတယ်။ “မျိုးဆက် တစ်ခုပြီးတစ်ခု၊ လွန်ခဲ့တဲ့ ရာစု နှစ်များစွာက ပြုလုပ်ခဲ့တဲ့ အမှားတွေ ရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို ကျနော်တို့ မတောင်းဆိုပဲနဲ့ 
တွေ့ ကြုံနေရတာပါ။ ဒါတွေကို ကျော်လွှားဖို့ ရာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အရင်ကလို သက်တောင့်သက်တာ နေလို့  မရတော့ပါဘူး။ ”
ကမ္ဘာကြီးပူနွေးလာမှုကြောင့် ပင်လယ်သမုဒ္ဒရာက ရေခိုးရေငွေ့ ကို ပိုမို အငွေ့ ပြန်စေပြီး မိုးရွာသွန်းမှုကို ပိုစေတယ်။ တပြိုင်နက်ထဲမှာပဲ တခြားဒေသတွေ မှာတော့ မြေဆီလွှာထဲက စိုစွတ်မှု တွေကို
 အငွေ့ ပျံစေ ပြီး ခြောက်သွေ့ ရပ်ဝန်းဖြစ်စေတယ်။ အလက်စကာ ရေခဲကန္တာရ မှာ လွန်ခဲ့တဲ့ ၃၅ နှစ်က ရေခဲပြင်ပေါ်မှာ ကားမောင်းနိုင်လောက်တဲ့ရေခဲတဲ့ရက်ဟာ တစ်နှစ်မှာ ၂၂၅ ရက် ရှိခဲ့ပေမဲ့
ယနေ့ အခါမှာတော့ ၇၅ ရက်အောက်ကို ရောက်နေပါပြီ၊ ဒါတွေ ဟာ ကမ္ဘာကြီးပူနွေးလာနေတယ် ဆိုတဲ့ သက်သေပါပဲ။
ကမ္ဘာကြီးပူနွေးလာတာကြောင့် ရေခဲကျောက်ဆောင်တွေ ပြိုကျတာနဲ့ အမျှ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာမှာပါ။ အကယ်၍သာ အန္တာတိကတိုက်က ရေခဲကျောက်ဆောင်တွေ အရည်ပျော်သွားခဲ့ရင်
ပင်လယ်ရေ မျက်နှာပြင် ပေ (၂၀) အထိ မြင့်တက်လာနိုင်ပါတယ်။ ဂရင်းလန်း မှာဖြစ်ခဲ့ရင် လဲ ထို့ နည်းတူပါပဲ။ ဖလော်ရီဒါ ဆန်ဖရန်စစ္စကို တို့ မှာ အခုလို ဖြစ်သွားနိုင်ပါတယ်။
ကမ္ဘာ့ ကုန်သွယ်မှု ဗဟို အထိမ်းအမှတ်နေရာ ဟာလဲ ရေအောက်ထဲ ရောက်သွားမှာပါ။ နယ်သာလန်လို အနိမ့်ပိုင်းတိုင်းပြည်တွေကလဲ လုံးဝ ဥသုံ ပျက်ဆီးသွားမှာပါ၊
 ဘေဂျင်း ပတ်ဝန်းကျင်က လူ (၁၀) သန်းကျော်၊ ရှန်ဟိုင်းတစ်ဝိုက်က လူ သန်း (၄၀) ကျော်၊ ကာလကတ္တားနဲ့ အရှေ့ ဘင်္ဂလားဒေ့ရှ်က လူ သန်း (၅၀) ကျော် နေထိုင်ပါတယ်။
ဥပမာ တရုတ်ပြည်မှာ လူဦးသန်း ၁၃၀၀ အတွက် လောင်စာ စွမ်းအင် ပိုမို လိုပါလာတယ်။ အကျိုးအမြတ်များတဲ့ မီးသွေး လုပ်ငန်းအတွက် ခုတ်ထွင်တဲ့ သစ်ပင် အရေအတွက် ဟာ
အတော်ကို များပြားလှပါတယ်။ ဓါးသွားထက်က ပျားရည်စက်လိုပါပဲ။ ရလိုက်တဲ့ အမြတ်အစွန်းက ပျားရည်စက်ပေမဲ့ နောက်ဆက်တွဲ ပြသနာတွေက ဓါးသွားထက် ပိုချွန်ရှပါတယ်။
ဒုတိယ ကမ္ဘာစစ်အပြီးမှာ ကလေးတွေ အမြောက်အများ မွေးလိုက်ပါတယ်။ baby booming လို့ ခေါ်ကြတယ်။ အဲဒီအဖြစ်အပျက်ရဲ့ နောက်ဆက်တွဲ အနေနဲ့ က လူဦးရေ ဟာ
သန်း (၂၀၀၀) ကို ဖြစ်သွားစေတယ်။ လူဦးရေ တိုးပွားမှု နှုံးဟာ ပိုမို မြင့်တက်လာခဲ့တယ်။ အခုဆို လူဦးရေ သန်း (၆၅၀၀) ဖြစ်နေပါပြီ။ ဒီလူသားတွေရဲ့  အစားအသောက်လိုအပ်ချက်၊
ရေလိုအပ်ချက်၊ အခြားလိုအပ်ချက်တွေ ပိုမိုများပြားလာတာနဲ့  အမျှ ကမ္ဘာမြေကြီးရဲ့ ထိခိုက်လွယ်တဲ့ သယံဇာတ အရင်းအမြစ်တွေကို ဖိအားပေး ရယူလာပါတယ်။
ပိုဆင်းရဲ တဲ့ နိုင်ငံတွေမှာ ပိုထိခိုက်ပါတယ်။ တိုးတက်လာတဲ့လူသားစွမ်းအင်ကို အသုံးချတဲ့နေရာမှ နောက်ဆက်တွဲဖြစ်လာမဲ့ အကျိုးဆက်ကို စဉ်းစားဖို့  မစ္စတာ အယ်ဂိုးက ရှရုားမှာ ဖြစ်ပျက်ခဲ့တဲ့
 ဥပမာလေးကို ပြပြီးပြောသွားခဲ့ပါတယ်။ အာရှအလယ်ပိုင်းက မြစ်နှစ်စင်းဟာ အာရယ်ပင်လယ်ထဲကို စီးဝင်ပါတယ်။ အာရယ်ပင်လယ်ဟာ ကမ္ဘာ့ စတုတ္ထမြောက်
အကြီးဆုံးကုန်းတွင်းပင်လယ် တစ်ခု ဖြစ်ခဲ့တာပါ၊ ဒါပေမဲ့ အဲဒီ မြစ် (၂) စင်းကို ဆိုဗီယက် ယူနီယံက ၀ါစိုက်ခင်းတွေဆီ ရေသွယ်ဖို့ မဆင်မခြင် မြစ်တွေကို လမ်းလွှဲခဲ့တဲ့အခါ
 ဆည်မြောင်းဖောက်လိုက်တဲ့ အခါမှာ ကုန်းတွင်းပင်လယ်က ခမ်းပြီး သဲသောင်ထွန်းသွားပါတယ်။ ငါးဖမ်းလုပ်ငန်းရဲ့ အကျိုးဆက် ဘယ်လို ဖြစ်သွားမလဲ။

ဖားတစ်ကောင်ဟာ ဆူပွက်နေတဲ့ ရေနွေးအိုးထဲကို ခုန်ဝင်မိတဲ့အခါ ချက်ချင်း ပြန်ခုန်ထွက် လာပါလိမ့်မယ်။ ပူတယ်ဆိုတဲ့ အန္တရာယ်ကိုသိလိုက်လို့ ပါ။ ခပ်နွေးနွေးပဲရှိတဲ့ အိုးထဲ ၀င်လိုက်တဲ့အခါ
ဖားဟာခံနိုင်ပါတယ်။ အပူချိန်ဟာ တဖြေးဖြေး မြင့်တက်လာပြီး ဆူမှတ်ကို ရောက်လာရင်တောင် ဖားဟာ မရွေ့ ပဲဆက်ထိုင်နေမှာပါ။ဖားက အပူချိန်ကို ကျင့်သား ရသွားလို့ ပါတဲ့။
 ဖားကို ကယ်တင်ဖို့ အရေးကြီးပါသတဲ့။ အင်း ကောင်းပဲ ကောင်းသေးရော့။ မစ္စတာ အယ်လ်ဂိုးကတော့ ကမ္ဘာကြီးပူနွေးလာခြင်းကို လူတွေ မတုန့် ပြန်တာနဲ့  ပတ်သက်ပြီး ပြောလိုက်တာလေးပါ။

ဒီအစက်ကလေးဟာ ရှင်ဂွိတို့ နေထိုင်တဲ့ ကမ္ဘာမြေကြီးပါ။ အာကာသကနေ မိုင် သန်း ၄၀၀၀ အကွာကနေရိုက်ထားတာပါ၊ ဒီကမ္ဘာမြေပေါ်မှာပဲ အောင်မြင်မှုအားလုံး ပူဆွေး ၀မ်းနည်းဖွယ်ရာအားလုံး၊
 စစ်ပွဲအားလုံး၊ ငတ်မွတ်ခေါင်းပါးမှုအားလုံး၊ အဓိက ကျတဲ့တိုးတက်မှုတွေ အားလုံးဖြစ်ခဲ့ပါတယ်။ ရှင်ဂွိတို့ အားလုံးနေထိုင်တဲ့ တစ်ခုတည်း သောအိမ်ပါ။
 ဒီကမ္ဘာမြေပေါ်မှာ ယဉ်ကျေးတဲ့ လူ့ အဖွဲ့ အစည်းအဖြစ် အနာဂတ်မှာ တည်ရှိနေဖို့ ရှင်ဂွိတို့ အားလုံးနဲ့ သက်ဆိုင်ပါတယ်။

ဇာတ်ကားရဲ့ နောက်ဆုံးပိတ် အသိမ်းမှာ ပြောကြားခဲ့တဲ့ စကား တစ်ခုပါ၊ သိပ်ကောင်း ပါတယ်။ ပြတင်းတံခါးကို ဖွင့်ပြီး ကြည့်ကြည့်ပါ။
ဒါဟာ သင်တို့ ဆက်လက်နေထိုင်ရမဲ့ အနာဂတ်ပါပဲ။ အကယ်၍ အနာဂတ် မျိုးဆက်သစ်တွေက “ကျွန်တော်တို့ မိဘတွေ ဘာတွေ စဉ်းစားခဲ့ကြသလဲ။
သူ တို့ မှာ အခွင့်အရေးတစ်ခု ရှိနေခဲ့တဲ့ အချိန်မှာ ဘာဖြစ်လို့  မနိုးထခဲ့ကြတာလဲ။ ” ဆိုတဲ့ မေးခွန်းများကို တစ်နေ့ မှာ မေးလာကြနိုင်ပါတယ်။
သူတို့  ဆီက မေးခွန်းကို အခု ရှင်ဂွိတို့ တွေ ကြားသင့်ပါတယ်တဲ့။ အင်း ရှင်ဂွိတို့ လဲ နောင်လာနောက်သားတွေ အဲဒီလို မေးခွန်းများ မမေးလာနိုင်အောင် လုပ်သင့်တဲ့အလုပ်များ
ကို ယနေ့ ပဲစတင် လုပ်ဆောင်ကြပါစို့ လားနော်။

(ရှင်ဂွမ်းဂွိဘလော့ဘ်မှ ကူးယူ၍ လိုအပ်သည်များကိုသာဖော်ပြခြင်းဖြစ်ပါသည်။)
P.S: ကျနော်တို့ဟာ သဘာဝပတ်ဝန်းကျင်ကို အသုံးချလို့ရပါတယ်။ဒါပေမဲ့ ဇိမ်ခံလို့တော့မရပါဘူး။
ဒါဆိုရင်တော့ သဘာဝကြီးပျက်ဆီးသွားမှာပါ။သဘာဝပျက်ဆီးရင် ကျနော်တို့လည်း
ပျက်စီးမှာပါ။ကိုယ်နေထိုင်တဲ့ကမ္တာကိုကိုယ်ကိုတိုင်ပဲစောင့်ရှောက်ရမှာပါ။
(ဟိန်းလတ်)

Make a Free Website with Yola.